Thursday 11 September 2014

PhD- Thesis လုပ်ရန်အတွက်ပညာဒါနအဖြစ်မည်သူမဆိုလှူဒါန်းနိုင်ပါသည်။

အရှင်မုနိန္ဒ (ပန်းထော်). 

KBZ. bank  Account = Ashin Mu Nain Da 
Account 02130102105030401

Phone +917779889072

+959456633172.           

 Ashin Mu Nain Da.  AYA. bank. Account number 0102222010002517
>>>Read more>>> >>

Thursday 14 November 2013

ပဋ္ဌာန်း(၂၄)ပစ္စည်း

( ၁ ) ဟေတုပစ္စယော=ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ညောင်ပင်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာတည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့
လောကီအာရုံ ကာမဂုဏ်တို့၌လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌လိုချင်မှုမရှိသော 

အလောဘ၊နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင...်း၊အမျက်ထွက်ခြင်း မရှိသော အဒေါသ၊ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေးခြင်း မရှိသောအမောဟတရားတို့သည်စိတ်၊စေတသိတ်တရားတို့အားအလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့်
 ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။

( ၂ )အာရမ္မဏပစ္စယော=အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူပေးသကဲ့သို့အဆင်း(ရူပါရုံ)၊အသံ(သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရသာ
(ရသာရုံ)၊အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ)ဟူသောအာရုံခြောက်ပါး
တို့သည် ကုသိုလ်၊အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

( ၃ ) အဓိပတိပစ္စယော=အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင် ဇွဲ၊လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသောဆန္ဓာဓိပတိ၊အားထုတ်ခြင်း
လုံးလဟူသောဝီရိယာဓိပတိ၊လွန်စွာညွတ်ခြင်းကိုင်းရှိုင်းခြင်းစိတ်ဓာတ်ပြင်းထန်ခြင်း
ဟူသော စိတ္တာဓိပတိ၊အသိဥာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသောအဓိပတိတရားများသည်အားကောင်းရာသို့လိုက်၍
ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။

(၄)အနန္တရပစ္စယော=အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရားစကြာ

ဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။

( ၅ ) သမနန္တရပစ္စယော=ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ ကျေးဇူးပြုတတ်သောတရား။စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည်အကြီးဆုံးသောသားရတနာအားတဆက်တည်းအကြားမရှိကောင်းစွာမင်း

(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ်သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင
မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင်အခြားမရှိဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။

(၆)သဟဇာတပစ္စယော=တပြိုင်နက်အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ဆီမီးသည် ညှိထွန်းသည်နှင့်တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ပြုပြခြင်းသင်္ခါရ၊အသိရှိမှု ဝိဥာဏ်ဟူသောနမ်ခန္ဓာလေးပါးတို့ကိုတစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။

( ၇ ) အညမညပစ္စယော=အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား
သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ခံစားမှုဟူသော ရုပ်တရား၊နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။

(၈ ) နိဿယပစ္စယော=မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကိုဟောတော်မူသည်။

(၉)ဥပနိဿယပစ္စယော=အားကြီးသောမှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။မိုးတွင်းအခါ ရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို့အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့

လည်းကောင်း၊သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများအားထုတ်ခြင်းကြောင့် မဂ်တရား၊ဖိုလ်တရားများနှင့်နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊
ဥတု၊အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၀ ) ပုရေဇာတပစ္စယော=ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
ကမ္ဘာဦး၌ပထမဆုံးအရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့်သတ္တဝါအပေါင်းတို့အား

အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည် သားသမီးများထက်အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သော လျှာသည်အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာပုရေဇာတပစ္စည်းတရား
ကိုဟောတော်မူသည်။

( ၁၁ ) ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလ ရဟန္တာမထေရ်အလောင်းတော်သည် မွေးပြီးစနို့စို့အရွယ်တွင်သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိကအရှင်ဗာကုလမထေရ်အားမသေစေရန်အကျိုးပြုသကဲ့သို့လည်းကောင်း၊ရုပ်တရားတွေ

လန်းဆန်းတည်တံ့ နေအောင်စိတ်တရားများကထက်သန်မှုအပြည့်ဖြင့်
နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူသည်။

(၁၂)အာသေဝနပစ္စယော=အဖန်တလဲလဲမှီဝဲအပ်ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား

။ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်
သည့်ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကိုတိုးပွားစေ၍

 ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၃ )ကမ္မပစ္စယော=ပြုလုပ်စီခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင် စီမံအပ်သော မျိုးစေ့၊အညွန့်၊အညှောက်၏ အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကောင်းသော

အမှုကိစ္စကိုပြုလုပ်ဆောင်ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၄ ) ဝိပါကပစ္စယော=အကျိုးရလာဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တိုက်ခတ်လာသော လေပြေ၊လေညှင်း၊လေနုအေးသည် သစ်ပင်ကြီးများ၏ အရိပ်အောက်၌ နေသောသူအားကိုယ်ရောစိတ်ပါချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊

ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏ အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊နတ်ဘုံတို့၌ခံစားရမည့်အကုသိုလ်ကံတရားကြောင့်အကုသိုလ်၏အကျိုးကို
ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူသည်။

( ၁၅ )အာဟာရပစ္စယော=ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြု
တတ်သောတရား။ထောက်ကန်ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအား လေဒဏ်၊မိုးဒဏ်ကြောင့်မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန် အတွက် ရုပ်အာဟာရ၊နာမ်အာဟာရ နှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာအာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

( ၁၆ ) ဣန္ဒြိယပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
တိုင်းပြည်တစ်ပြည်အတွင်း၌အသီးသီးဆိုင်ရာကိစ္စတာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည်မိမိ၏တာဝန်များကိုအသီးသီးခွဲဝေ၍ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့

ဣနြေ္ဒ(၂၂)ပါးရှိရာတွင်စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ
၊သောတိနြေ္ဒဟူသောကြားသိစိတ်သည်ကြားသိစိတ်အားသာအစိုးရခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။

(၁၇)ဈာနပစ္စယော=ကပ်၍စူးစူးစိုက်စိုက်ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။တောင်ထိပ်ဖျား

၊သစ်ပင်ဖျားသို့တက်၍ ကြည့်သော သူသည် အနီးအဝေး အရပ်မျက်နှာတို့ကိုထင်ရှားတပ်အပ်မြင်ခြင်း၊ထိုမြင်ခြင်း၌အလိုရှိသောသူအား
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက် အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံး နိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက်စိတ်တရား၊ရုပ်တရားတို့အားထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူသည်။

(၁၈)မဂ္ဂပစ္စယော=ကျွတ်လွတ်ထွက်မြောက်သောနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရားဤမှာ

ဖက်ကမ်းစပ်မှဟိုမှာကမ်းစပ်သို့ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည်ဤမှာဘက်ကမ်းစပ်မှ
လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ
(ကောင်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊

သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)သမ္မဝါယမ
(ကောင်းစွာအားထုတ်ခြင်း)၊သမ္မာသတိ(ကောင်းစွာအောက်မေ့
သတိရှိခြင်း)၊သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)ဟူသောကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ေ

ကာင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့်ကုသိုလ်တရားများဖြစ်ပွားပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းဖြစ်သောဟိုမှာ
ဘက်ကမ်းရှိချမ်းသာစစ်ချမ်းသာမှန်လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။

(၁၉ ) သမ္ပယုတ္တပစ္စယော=အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍
ကျေးဇူးပြုတတ်သောတရား။နှင်းဆီ၊ထောပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍ မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍ မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

(၂၀)ဝိပယုတ္တပစ္စယော=အတူတကွမရောစပ်မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ချို၊ချဉ်

၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသောအရသာသည် ရောထားသော်
လည်းအချင်းချင်းမနှီးမနှောမရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊နှလုံးအိမ်ဟူသောရုပ်တရားတို့သည်နာမ်တရားများနှင့် မရောစပ်ဘဲတစ်မျိုးစီသာအာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာဝိပ္ပယုတ္တပစ္စည်းတရားကိုဟောတော်မူသည်။

(၂၁ ) အတ္ထိပစ္စယော=ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မြင်းမိုရ်တောင်မင်းသည်မိမိထင်ရှားရှိခိုက်မိမိကိုအမှီပြုနေသော မြက်၊သစ်ပင်စသည်တို့အား

 ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရတွေ ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကိုတည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။

(၂၂ ) နတ္ထိပစ္စယော=မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။
ဆီမီးငြိမ်းသွားခြင်းသည်အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါ

ကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန်ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။

(၂၃ ) ဝိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နေမင်းအရောင်ကွယ်ပျောက်သွားခြင်းသည်လမင်း၏အရောင်ကိုထွန်းလင်းစေသကဲ့သို့ လောဘ

၊ဒေါသ၊မောဟ၊တရားများကင်းပျောက်သွားလျှင်အမှားနှင့်အမှန်ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။

(၂၄ ) အဝိဂတပစ္စယော=မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊လိပ်တို့နှင့်မကင်း၊မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌ သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှရေးသားခြင်းဖြစ်ပါသည်။

၁၀. ၁၁. ၂၀၁၃ မှ ၁၄ .၁၁ .၂၀၁၃ အထိမဟာဗောဓိ စေတိအတွင်း( ၄ ) ကြိမ်မြောက်
ကျင်းပပြုလုပ်ပေးသောပဌာန်းပွဲကို Sponsored By: Reward Family Foundation...
Dr U Aung Win + Daw Ou Ou Aung , Ma Thoung Phyo Su Lardh Hlaing Family. Royal Reward Resort Hostel , Pyin Oo Lwin , Mandalay Division.
ထိုမိသားစုတို့၏ ၄ ကြိမ်မြောက် ပဌာန်းအောင်ပွဲအဖြစ် ဂုဏ်ပြုကုသိုလ်အဖြစ်
ဝမ်းမြောက် ၀မ်းသာ သာဓုခေါ်ဆို ကုသိုလ်ပွားနိုင်ရန် မျှဝေလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>Read more>>> >>

Wednesday 10 April 2013

(ခုနှစ်နေ့ဘုရားရှိခိုး)

(ခုနှစ်နေ့ဘုရားရှိခိုး)

(၁)သန္ဓေယူတော်မူသောနေ
ကြာသာပတေးနေ့
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

(၂) ဖွားတော်မူသောနေ့
သောကြာနေ့
သန္ဓေယူကာ၊ ဆယ်လကြာသော်၊
“မဟာ သက္ကရာဇ်၊ ခြောက်ဆယ်ရှစ်ကြုံ၊ ကဆုန်လပြည့်
သောကြာနေ့ဝယ်” ချမ်းမြေ့စုံစီ၊ လုဗ္ဗနီ ၌မဟီလှိုက်ဆူ၊
“ဖွားတော်မူ”သည် ၊ နတ်လူအောင်မျှို့လမ်းပါကို…..။
(၃)တောထွက်တော်မူသောနေ့
တနင်္လာနေ့
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

(၄) ဘုရားဖြစ်သောနေ့
ဗုဒ္ဓဟူးနေ့
တောရပ် မြိုင်ပေါ်၊ ခြောက်နှစ် ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ “ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်” မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြိး ဗိတာန် ထိးနှင့်၊ မငြိးကြည်
ဖြူနေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊
ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို….။

(၅)ဓမ္မစင်္ကြာဟောတော်မူသောနေ့
စနေနေ့
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

(၆)ပရိနိဗ္ဗာန်
အင်္ဂါနေ့
တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊
သုံးမည်ဘုံသိုက် တစ်သောင်းထိုက်ဝယ်၊
ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို ခေမာ သောင်သို့
ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးကာ၊
“၀ါလေးဆယ့်ငါး သက်ကားရှစ်ဆယ်”
စုံပြည့်ကြွယ်က ရာလေးဆယ်ရှစ်(၁၄၈)၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌
“ကဆုန်လပြည့် အင်္ဂါနေ့ဝယ်”
ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို….။

(၇)တေဇောဓာတ်လောင်ကျွမ်းသောနေ့
တနင်္ဂနွေနေ့
နဗ္ဗူစံပြီး၊ ရှုမအီသာ၊ သိင်္ဂိ ရွှေလှော်၊
လောင်းတော်ကို “ထိုရော်ကဆုန်၊ လဆုတ်
ကြုံ၍၊ ဂဠုန်နေ့ဝယ်” ခိုးငွေ့မနှော၊ ဓာတ်တေ
ဇောလျှံတက် ကော်ရော်၊ မိးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကိုး။
အရှင်မုနိန္ဒ(ပန်းထော်) ပြန်လည်ပူဇော်ပါသည်။
လယ်တီဆရာတော် ၏ ခုနှစ်နေ့ ဘုရားရှစ်ခိုး ဗုဒ္ဓ၀င်ကဗျာများ မှ ကူးယူဖော်ပြပါသည်
>>>Read more>>> >>

Monday 15 October 2012

(နမော တဿနဲ့ ဗုဒ္ဓဘာသာဝင်တွေ)

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခ
မ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အရေးအသားတွေ၊ အသုံးအနှုန်းတွေကို တစ်ခါတလေ အလေ့အကျင့်များ၊ ဆောင်ထားတာများနေလို့သာ အလွတ်ရနေ၊ မှတ်မိနေကြပေမယ့် ဘာအဓိပ္ပါယ်လဲလို့ မေးလာရင် မသိတာတွေဘဲ အဖြစ်များနေကြတာကို တွေ့ရတတ်ပါတယ်။ အစဉ်အလာအရ လုပ်နေကြပေမယ့် တစ်ယောက်ယောက်က ဘာအဓိပ္ပါယ်လဲလို့ ဆိုလာရင် ဘာမှန်းမသိဖြစ်ကာ မဖြေနိုင်ဘဲ ဖြစ်နေကြတာ များပါတယ်။ အခု ဒီနမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်းအမြဲတမ်း ရွတ်ဖတ်နေကြပေမယ့် ဘာအဓိပ္ပါယ်လဲဆိုတာ တိတိကျကျ မပြောနိုင်ကြတဲ့သူတွေ အများကြီး ရှိနေတာကို သိနေရပြန်ပါတယ်။ တစ်ချို့ကလည်း ဒီ နမော တဿကို ဘယ်သူတီထွင်ထားတာလဲ၊ ဘယ်တုန်းက ပေါ်လာတာလဲ စသဖြင့် မေးလာသူတွေ ရှိပါတယ်။ တစ်ချို့ကတော့ တကယ့်ကို ဘာအဓိပ္ပါယ်မှန်း မသိသလို အဆောင်ဂါထာ တစ်ခုလိုလည်း ထင်နေတတ်ကြပြန်ပါတယ်။
တစ်လောကတောင် ဒကာလေးတစ်ယောက် ကျောင်းရောက်လာတုန်း ဟိုစကားဒီစကားပြောရင်း သူက “တပည့်တော်ကတော့ ငယ်ငယ်တည်းက အဖေသင်ပေးထားတဲ့အတိုင်း အရဟံဂုဏ်တော်နဲ့ နမော တဿကို အမြဲတမ်း ရွတ်ပွားဖြစ်ပါတယ်ဘုရား၊ ဒါပေမယ့် အဖေသင်ပေးလို့သာ အရဟံဆိုတဲ့ စကားနဲ့ တပည့်တော် ရင်းနှီးနေတာ ဘာအဓိပ္ပါယ်မှန်း မသိဘူး ဖြစ်နေတယ်၊ အဲဒါ အရဟံအကြောင်းကို တပည့်တော်ကို ရှင်းပြပေးပါဘုရား”လို့ လျှောက်လာလို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးခဲ့ရပါသေးတယ်။ ပြီးတော့သူ့ကို “အရဟံဂုဏ်တော်ကိုတော့ ရှင်းပြလို့ နားလည်သွားလောက်ပြီ ထင်ပါတယ်၊ နမော တဿရဲ့ အဓိပ္ပါယ်ကတော့ သိပြီးသားဆိုတော့ ရှင်းပြဖို့ မလိုတော့ဘူး မဟုတ်လား”လို့ ထပ်မေးတော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် နမော တဿရဲ့ အဓိပ္ပါယ်လည်း ကောင်းကောင်းမသိပါဘူးဘုရား၊ တစ်ဆက်တည်း ရှင်းပြပေးပါ”ဆိုလို့ နမော တဿရဲ့ အဓိပ္ပါယ်ကိုပါ ရှင်းပြလိုက်ရပါသေးတယ်။ သူပြောမှပဲ သူလိုလူတွေ အများကြီး ရှိနေပါလားဆိုတာ ပိုပြီးသတိပြုမိသွားပါတယ်။ ဒါနဲ့ မဖြစ်သေးပါဘူး ဒီ နမောတဿ အကြောင်း စာလေးတစ်ပုဒ်တော့ ရေးဦးမှပဲလို့ အတွေးရပြီး အခုလို ရေးဖြစ်သွားခြင်း ဖြစ်ပါတယ်။
တကယ်တော့ ဒီ“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ဘုရားရှိခိုးဟာ ထေရဝါဒ ပိဋကတ်တော်မှာ တိုက်ရိုက်လာတဲ့ စကားတော်ပဲ ဖြစ်ပါတယ်။ ဒီမှာပါတဲ့ စကားတော်အတိုင်း ဘုရားရှင်ကို ရှိခိုးလေ့ရှိတဲ့သူတွေ ဘုရားလက်ထပ်မှာ အများကြီးရှိတယ်ဆိုတာ ပိဋကတ်တော်တွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ထင်းရှားတဲ့သူတွေ အနေနဲ့ ဇာဏုသောဏီ ပုဏ္ဏားကြီး (ပဏ်၊ ၁၊ ပါ၊ ၂၃၅)၊ ကောသလမင်းကြီး (ပဏ်၊ ၂၊ ပါ၊ ၃၁၄)၊ ဗြဟ္မာယု ပုဏ္ဏားကြီး (ပဏ်၊ ၃၊ ပါ၊ ၃၄၁)၊ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီး (သံ၊ ပါ၊ ၁၆၂)၊ အာရာမဒဏ္ဍ ပုဏ္ဏား (အံ၊ ၂၊ ပါ၊ ၆၈)၊ ကာရဏပါလီ ပုဏ္ဏား (အံ၊ ၅၊ ပါ၊ ၂၀၆)၊ မဟိန္ဒမင်းကြီး (ဓမ္မ၊ ဋ္ဌ၊ ပ၊ ၆၄)၊ သိကြားမင်း (ဒီဃ၊ ၂၊ ပါ၊ ၂၃၀) စသူတို့ကို တွေ့ရမှာဖြစ်ကြောင်း ပိဋကတ်လမ်းညွှန် စာအုပ်မှာ ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါနဲ့စပ်ပြီး ကောသလမင်းကြီးရဲ့ ဘုရားရှင်ကို နမော တဿနဲ့ ရှိခိုးတဲ့အကြောင်းလေးကို အထူးပြုပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ပိဋကတ်တော်မှာတော့ ပိယဇာတိကသုတ် အနေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ တစ်ခါက ဖြစ်ပါတယ်။ သားတစ်ယောက် သေဆုံးသွားတဲ့အတွက် ပူဆွေးသောက ရောက်နေတဲ့ သူကြွယ်တစ်ယောက်ဟာ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီသူကြွယ်ကိုကြည့်ပြီး ဘုရားရှင်က “သူကြွယ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတွေဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လေ့ရှိတယ်၊ ချစ်ခြင်းကြောင့်ပဲ အစပျိုးခဲ့ခြင်း ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်။ ဒါကို သူကြွယ်က “အရှင်ဂေါတမ မဖြစ်နိုင်ပါဘူး၊ ချစ်ခြင်းကြောင့်ပဲ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်”လို့ ဘုရားအဆိုကို လက်မခံဘဲ ထပြန်သွားပါတယ်။ အဲဒီသူကြွယ်ဟာ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဘုရားပြောတဲ့အကြောင်းကို လက်မခံနိုင်တဲ့အကြောင်း တွေ့တဲ့သူတွေကို လိုက်ပြောပါတော့တယ်။ နောက်ဆုံး ဒီအကြောင်းဟာ ကောသလဘုရင် နားထဲအထိ ရောက်သွားခဲ့ပါတယ်။ ကောသလမင်းကြီးလည်း ဘုရားမိန့်တော်မူတဲ့ အကြောင်းကို လက်မခံနိုင်ဘဲ မလ္လိကာ မိဖုရားကြီးကို ပြောဆိုပါတယ်။ မလ္လိကာက လူလွှတ်ပြီး ဘုရားထံ စုံးစမ်းခိုင်းတော့ ဘုရားရှင်ဟာ သူကြွယ်ကို ဟောလိုက်တဲ့ အတိုင်းပဲ ပြန်ဟောပြဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သဘောတော်ကိုသိတဲ့ မလ္လိကာဟာ ဒီအကြောင်းနဲ့ စပ်ပြီး ကောသလမင်းကြီးကို ဥပမာပေးကာ ရှင်းပြပါတယ်။
“အရှင်မင်းကြီး ဘုရားစကား မှန်မမှန် စဉ်းစားကြည့်စေချင်ပါတယ်၊ တကယ်လို့များ အရှင်မင်းကြီး သိပ်ချစ်ရတဲ့ ဝဇိရီ သတို့သမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝါသဘခတ္တိယ မင်းသမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝိဋဋူဘ စစ်သူကြီးပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီး သိပ်ချစ်တဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ကျွန်တော်မျိုးမပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က သေဆုံးခြင်း၊ ဖောက်ပြန်ခြင်း ဖြစ်ခဲ့မယ်ဆိုရင် အရှင်မင်းကြီး ဘယ်လိုဖြစ်မလဲ ပူပန်သောက ဖြစ်ခြင်းတွေ ဖြစ်မဖြစ် စဉ်းစားကြည့်ပါ”လို့ မေးလျှောက်တဲ့အခါ ကောသလမင်းကြီးက သိပ်ဖြစ်တဲ့အကြောင်း ဖြေကြားပါတယ်။ “မင်းကြီးအဲဒီလိုဖြစ်ခြင်းဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်၊ ဘုရားရှင်ဟာ ဒီအကြောင်းရင်း သေချာစွာ သိရှိပြီးမှာ ဒီတရားကို ဟောတော်မူတာ ဖြစ်ပါတယ်”လို့ မလ္လိကာ မိဖုရားက ကောသလမင်းကြီးကို တရားပြပေးလိုက်ပါတယ်။ မင်းကြီးဟာ မိဖုရားကြီးရဲ့ စကားကို သေချာနားလည် သဘောပေါက်သွားပြီး အလွန်ကျေးဇူးတင် ဝမ်းမြောက်လွန်းလှတဲ့အတွက် ဘုရားရှင် ရှိရာအရပ်ကို လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ်သုံးခါ ရွတ်ဆိုရှိခိုးရင်း ဥဒါန်းကျူးရင့်လိုက်တယ်လို့ ဆိုပါတယ်။ ဒါက ပိယဇာတိကသုတ်မှာလာတဲ့ ကောသလမင်းကြီးနဲ့ နမော တဿ ဘုရားရှိခိုးအကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အဓိက ပြောချင်တာက နမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အနေနဲ့ လူတိုင်းရွတ်ဆိုနေကြ၊ ရနေကြတဲ့ ဒီနမော တဿ ဘုရားရှိခိုးဟာ ခုနောက်ပိုင်းမှ တီထွင်ဖန်တီးထားတဲ့ ဘုရားရှိခိုး မဟုတ်ဘဲ ဘုရားလက်ထက်ကတည်းက အသုံးပြုလာခဲ့တဲ့ ပိဋကတ်တော်လာ ဘုရားရှိခိုးဖြစ်တယ် ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ သူဌေးသူကြွယ်မှစပြီး မင်းပုဏ္ဏား နတ်သိကြားများအထိ ဒီဘုရားရှိခိုးကို ရွတ်ဆိုကာ ဘုရားရှင်အား ရှိခိုးလေ့ရှိတယ်ဆိုတာ ညွန်းဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို ပိဋကတ်တော်လာ ဘုရားရှိခိုးကို ရနေရုံနဲ့ မလုံလောက်ဘဲ လေးနက်တဲ့ အဓိပ္ပါယ်ကိုပါ သိရှိအောင်လုပ်ပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်များအထိ အာရုံပြုကာ ရှိခိုးကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။
သေချာတွေးကြည့်တော့ လေးနက်တဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို လူတွေက အလွယ်တကူ ရနေပြီး အမြဲတစေ ကြားနေကြတဲ့အတွက် အလေးမမူမိဘဲ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ ကြားပါများ၊ ရပါများတော့ ရိုးသွားကြသလို ဖြစ်ဟန်ရှိပါတယ်။ ပိုဆိုးတာက ဂုဏ်တော်အစွမ်းအပေါ် သဒ္ဓါမလွှမ်းမိကြတော့ ဘုရားရှိခိုး သက်သက်ဖြစ်နေတဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို ဥုံတွေဘာတွေခံပြီး ရွတ်ဆိုလေ့ရှိကြတဲ့ ဂါထာ မန္တယားတွေလောက် အထင်မကြီးကြ၊ မယုံကြည်ကြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဂါထာကို ဘယ်လိုရွတ်ရင် ဘာတွေရမယ်၊ ဘယ်လိုအောင်မြင်မယ်ဆိုတဲ့ အစွယ်အညွန်းလေးတွေ မရှိတဲ့အတွက် ဒီ နမော တဿ ဘုရားရှိခိုးကို ဒီလောက်စိတ်ဝင်းစားမှု မရှိဘဲ ဖြစ်နေကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အမှန်တော့ ဒီနမော တဿ ဘုရားရှိခိုးဟာ ပြောရမယ်ဆိုရင် တစ်ခြားဂါထာ အင်းအိုင်တွေထက် အဆအထောင်မက အစွမ်းထက်လှတဲ့ ဘုရားရှိခိုးပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ဘုရားရှင်ရဲ့ ဂုဏ်ကိုလွှမ်းပြီး သေသေချာချာ ကျကျနန ရွတ်ဆိုပူဇော် ရှိခိုးနိုင်မယ်ဆိုရင် ဘုရားရှင်ရဲ့ အားတွေ၊ တန်ခိုးတွေ၊ အစွမ်းတွေက ပူဇော်သူတွေကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အချိန်ရှိတိုင်း၊ အားတိုင်း၊ အိပ်ယာထ၊ အိပ်ယာဝင်တိုင်း ဒီ နမော တဿ ဘုရားရှိခိုးကို နှလုံးသားထဲမှာ စွဲမြဲပြီး ပူဇော်နိုင်မယ်ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ကာ ဗုဒ္ဓအစွမ်းတွေ၊ ဗုဒ္ဓအားတွေနဲ့ ပီတိသုခတွေ ပြည့်ဝစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ အန္တရာယ် အနှောက်အယှက်ဖြစ်အောင် မလုပ်နိုင်သလို အမြဲမပြတ် ဘုရားရှင်ကို ရှိခိုးနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်လိုအန္တရာယ်မျိုးကမှ ဒုက္ခရောက်အောင် မလုပ်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းကာ အမြဲမပြတ် နမော တဿနဲ့ ဘုရားရှိခိုး ရွတ်ဖတ်ပူဇော်နေကြတဲ့ သူတွေအတွက် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များကလည်း အမြဲမပြတ် စောင့်ရှောက် နေကြမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာတွေအနေနဲ့ နမော တဿ ဘုရားရှိခိုးဟာ အမြဲတမ်းရင်းနှီး ကျွမ်းဝင်မှု ရှိနေကြပေမယ့် အဓိပ္ပါယ်ကို မသိဘဲ ဖြစ်နေတာရယ်၊ ပိဋကတ်တော်လာ ဘုရားရှိခိုးမှန်း မသိဘဲ ဖြစ်နေတာရယ် ဥုံစတဲ့ အဆောင်ဂါထာတွေလောက် ယုံကြည်မှု မရှိတာတွေရယ်ကြောင့် ရကားရ၏ မသိ၊ ရွတ်ကားရွတ်၏ မမိဆိုသလို ဖြစ်ကာ အထင်ကြီးမှု၊ လေးစားမှု မရှိဘဲ ဖြစ်နေတတ်တာနဲ့ ပတ်သက်လို့ နမော တဿ ဘုရားရှိခိုးဟာ ဂုဏ်တော်နဲ့ အဓိပ္ပါယ်ကို သေချာလွှမ်းပြီး မျှော်လင့်ချက်မပါတဲ့ ယုံကြည်မှုနဲ့ အမြဲမပြတ် ရွတ်ဖတ်ပူဇော် ကုသိုလ်တော် ယူနိုင်မယ်ဆိုရင် အဲဒီလို သူတွေအတွက် အကောင်းဆုံး ဘုရားရှိခိုး တစ်ခုဖြစ်ပါကြောင်း ညွန်းဆိုရင်း နမော တဿနဲ့ ဗုဒ္ဓဘာသာအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ပြန်လည်မှိငြမ်းရေးသားပါသည်။ အရှင်မုနိန္ဒ(ပန်းထို) M.A မာဂဓတက္ကသိုလ် ခေတ္တစင်္ကာပူ 13.10.2012။
>>>Read more>>> >>

Friday 21 September 2012

ဘုရား အနေကဇာတင်ခြင်း ရဲ့အဓိပ္ပါယ်



မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တန်ခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။
ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင် ဖန်တီးပေးရသလားဆိုတာက စဉ်းစားသင့်တဲ့ အရာလေးတစ်ခုပါ။
တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာတင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က
“အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည်ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… " (ဥဒါန၀တ္ထု)
ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။
တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။
ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာက ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။
ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

>>>Read more>>> >>

Tuesday 6 March 2012

( အရှင်မုနိန္ဒ၏ ဖခင် ဦးအောင်သိန်းရွေရုတ်တရက်နေအိမ်၌ကွယ်လွန်)

အရှင်မုနိန္ဒ၏ ဖခင်ဖြစ်သူ ဦးအောင်သိန်းရွေသည်  ၆.၃.၂၀၁၂ရက်နေ့ ၁၃၇၃ ခု တပေါင်းလဆန်း ၁၄ ရက်
မနက်  ၁၀း၀၀ နာရိကျော်တွင် ရုတ်တရက်ကွယ်လွန်းသွားသည့်အတွက် သားဖြစ်သူ အရှင်မုနိန္ဒမှ ၀မ်းနည်း
ကျေကွဲရပါကြောင်း...သားပြုလုပ်ခဲ့သမျှကောင်းမှူ့ကုသိုလ်များကို အဖေဖြစ်လေရာ  ရောက်လေရာ ဘုံဘဝ
မှာ အဖေ့အတွက်ပြုလုပ်သောကုသိုလ်ကောင်းမှူ့တို့ကို သာဓုခေါ်နိုင်ပါစေ အဖေ...အဖေအတွက် ဒိနေ့တွင်
 ၇.၃.၂၀၁၂ ရက်နေ့ တပေါင်းလပြည့်နေ့၌ မြတ်ဗုဒ္ဓပွင့်တော် မူရာ မဟာဗောဓိပင်  မဟာဗောဓိ စေတိ အနီး
တွင် စာသင်ဘက် ရဟန်းသူငယ်ချင်း  ၅  ပါးတို့နဲ့တကွ လှူဖွယ် ၀တ္ထု အစုစုတို့ကို အဖေ့ကိုရည်စူးပြိးလှူ
ဒါန်းပါ၏ ထိုကုသိုလ်ကောင်းမှူ့တို့ကို အဖေသာဓုဃေးပါ..အဖေရယ်.. အဖေ့အတွက်ရည်စူးပြုလုပ်သော
ကောင်းမှူ့ကုသိုလ် တို့ကို  သားဖြစ်သူ အရှင်မုနိန္ဒမှ  အမျှ  အမျှ  အမျှ ပေးဝေပါကုန်၏...အဖေရောက်ရာ
အရပ် ဖြစ်ရာ ဘုံဌာနမှ  သာဓု  သာဓု သာဓု ခေါ်ဆိုပါ...အဖေ( အဘာ) ကောင်းရာသုဂတိရောက်ပါစေ..
အဖေနဲ့ဝေးနေတဲ့ တနေရာမှာ မြတ်ဗုဒ္ဓရဲ့ စာပေတွေကို သင်ကြားရင်း အဖေ့ကို သား အရှင်မုနိန္ဒ မှာ အဖေ့
ကိုရည်းမှန်းပြိး ဝေးတမြေကနေ ရှိခိုးကန်တော့ လိုက်ပါတယ် အဖေ..သားအဖေ့ (အဘာ) ရဲ့အပေါ်မှာ ပြော
မှား ဆိုမှား ရှိခဲ့ရင် သားကို ခွင့်လွတ်ပေးပါ အဖေ(အဘာ)အဖေ့အပေါ်မှာ သားတာဝန်တွေမကျေခဲ့တာတွေ
ကိုလည်း အဖေ (အဘာ)က နားလည်ပေးပါ အဖေဖြစ်စေချင်တဲ့သားကောင်းတစ်ယောက်ဖြစ်အောင်ကြီုး
စားပါ့မယ် အဖေ...(အဘာ) ဦးအောင်သိန်းရွေ ကောင်းရာသုဂတိရောက်ပါစေ.အဖေ(အဘာ) ရဲ့ သား...
ဝေးတမြေက အရှင်မုနိန္ဒ...။
>>>Read more>>> >>

Tuesday 10 January 2012

ဒုတိယမြောက် မာဂဓတက္ကသိုလ်အဆောင် ၃ ရဲ့ သာဓုခေါ်သံ

 ဒုတိယအကြိမ်မြောက် သံဝေဂဆရာတော် ဦးသောမဦးဆောင်သောဇဗ္ဗူသိရိဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သည်.မြန်မာကျောင်းသားရဟန်းတော်များ ပညာသင်ကြားရာ မာဂဓတက္ကသိုလ် အဆောင် ၃ သို့လာရောက်၍ မြန်မာနိုင်ငံမှာဘုရားဖူးဦးရေ ၈၅ဦးတို့ဖြင့် မြန်မာနိုင်ငံမှအဆောင်နေပညာသင် ရဟန်းတော်အပါး ၆၂ပါးတို့အား  တပါးလျှင် ၁၄၄၅ ကျပ်(အိန္ဒိယ..ယူပီး)များအပြင်စားသောက်ဖွယ်ရာလှူဖွယ်ပစ္စည်းများအားဒုတိယအကြိမ် ဇဗ္ဗူသိရိဘုရားဖူးအဖွဲ့.မာဂဓတက္ကသိုလသို့်ဘုရားဖူးများကိုယ်တိုင်လာရောက်လှူဒါန်းခြင်းဖြစ်ပါသည် ထို့အပြင် အဆောင်တွင်ပညာသင်ကြားကြကုန်သော ၉၁ ပါးတို့အတွက် ဦးစက်ရိ(သမိး)ဒေါ်တင်တင်ရိမိသားစု နေပြည်တော်က သံဃာ တပါးလျှင် ယူပီးငွေကျပ်၅၀ စိအားလှူဒါန်းသွားပါသည်။   ထို့လှူဒါန်းပွဲအခမ်းအနားအား အရှင်မုနိန္ဒ (စာရေးသူ) ကဆောင်ရွက်ပြီး အစိအစဉ် (၉) ခုတို့ဖြင့်ပြုလုပ်ခဲ့ပါတယ် ပထမဆုံး ၁။နမောတဿ ၃ ကြိမ်ရွက်ဆိုဘုရားကန်တော့၍အခမ်းအနားကိုစတင်ဖွင့်လှစ်ကြပါတယ် ထို့နောက်၂။ရောက်ရှိလာကြကုန်သောဒကာ ဒကာမ များကို ဆရာတော် ဦးသောမ ထံမှဒကာ ဒကာမ များက ငါးပါးသီလ  ခံယူဆောက်တည်ကြပါသည် ၃။မာဂဓတက္ကသိုလ်တွင်ရှိကြကုန်သော သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားများဖြင့်ချီးမြင့်ကြပါတယ်..ပရိတ်တရားရွက်အပြီးမှာတော့အစိအစဉ် ၄။အရမာဂဓတက္ကသိုလ်မှာဦးဥာာဏုတ္တရက အနုမောဒနာများဖြင့် ၅ မိနစ်ခန့်မျှတရားဓမ္မများဟောကြားပါတယ်.၅။ လာရောက်လှူဒါန်းကြသော ဒကာ ဒကာများက မိမိတို့ရဲ့လှူဖွယ့်ဝတ္ထုတို့အား အရှင်မုနိန္ဒ(စာရေးသူထံ) လှူဒါန်းကြပါတယ်။၆။ လာရောက်လှူဒါန်းကြကုန်သော.ဆရာတော်ဦးသောမ နှင့်တကွ ဒကာ ဒကာမများအား ဦးသုဇာတ P.HD.ကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးတော့ နောင်တွင်လည်း ဒိထက်မကလှူဒါန်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်း၍ ကျေးဇူးတင်စကားအား ၀မ်းမြောက်စွာဖြင့်ပြောကြားပါသည်.။၇။ ဦးဥာာဏုတ္တရထံမှလှူဒါန်းမှူ အစုအစုတို့အား ရေစက်ချအမျှပေးဝေကြပါတယ်.၈။ဒကာ ဒကာမများကိုယ်စား ဆရာတော်ဦးသောမကနောက်နှစ်တွင်လည်း မာဂဓတက္ကသိုလ်တွင် ပညာသင်ကြားနေကြသောမြန်မာကျောင်းသားရဟန်းတော်များအားဇဗ္ဗူသိရိ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှ ၁၀ ကြိမ်းတိုင်တိုင်လာရောက်လှူတန်းမည့်အကြောင်းပြောကြားပြိးနောက်အပြစ်များရှိခဲ့ပါကခွင့်လွတ်ပေးပါရန်နှင့် ခင်ပွန်းကြီး ၁၀ ပါးကန်တော့အား ဆရာတော်ဦးသောမ ကတိုင်းကြားပေးပြီး မဂဓတက္ကသိုလ်တွင် M.A…P.H.D ပညာရပ်တွေကို သင်ကြားနေကြသော အဆောင် ၃ တွင်သိတင်းသုံးနေထိုင်ကြကုန်သော သံဃာတော်များအား ကန်တော့ခဲ့ကြပါသည်။၉။အခမ်းအနားအပြီးမှာတော့ ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာရွက်ဆို၍ အခမ်းအနားကိုရုတ်သိမ်းလိုက်ပါတယ်…၅. ၁ .၂၀၁၂.ရက်နေ့တွင်လှူဒါန်းသော အလှူတော်ငွေများမှာစုစုပေါင်းအိန္ဒိ ယူပီးငွေမှာ  (၄၄၄၇၀ )အမေရိကန်ဒေါ်လာ (၈၉၄) ကျပ်နှင့် မြန်မာငွေကျပ် (၄၂၀၀၀) ကျပ်ဖြစ်ပါသည်။   ။ စာဖတ်သူပရိတ်သတ်အပေါင်းကြည်ညီုသဒ္ဒါပွားများနိုင်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေသောဝ်။။ အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်။ ashinmunainda.mm@gmail.com ph..0091-8083379577
>>>Read more>>> >>